လူတစ်ယောက် မှားနေကြောင်းကို ယဉ်ကျေးစွာ ထောက်ပြနည်း

လူရယ်လို့ဖြစ်လာတာနဲ့အမျှ အမှားကိုယ်စီရှိတတ်ကြပါတယ်။ သင့်မိတ်ဆွေ၊ သူငယ်ချင်း၊ အလုပ်ရှင်တွေမှာ အမှားလုပ်မိကြောင်းတွေ့တဲ့အခါ ယဉ်ကျေးစွာပြောပြတတ်ဖို့ လိုပါတယ်။ တစ်ခါတစ်ရံ အငြင်းအခုံ လုပ်ကြရင်း နှစ်ဖက်လုံးအမှားတွေ ဖြစ်သွားတတ်ပါတယ်။ ဒီနည်းလမ်းတွေကို သင် သိထားရင်တော့ လူတိုင်းနဲ့အဆင်ပြေအောင် သင်ပေါင်းသင်းနိုင်မှာ ဖြစ်ပါတယ်။

၁။ သေချာအောင် အရင်မေးပါ

အငြင်းအခုံမလုပ်ခင် တစ်ဖက်သားကို သူသိထားတဲ့အကြောင်းအရာကို သေချာရှင်းအောင် မေးပါ။ ဒီလိုလုပ်ခြင်းက တစ်ဖက်သားက သူနားလည်တဲ့အကြောင်းအရာကို ရှင်းပြချိန်ရပါတယ်။ ဒါ့အပြင် သူပြောနေတဲ့အကြောင်းအရာကို သင်နားထောင်နေတယ်ဆိုတာကိုလည်း ပြသပေးပါတယ်။

၂။ သင့်ရဲ့အမြင်ကို ဖော်ပြပါ

သင်ထင်မြင်နေတဲ့ အကြောင်းအရာကို သင်မှန်တယ်ဆိုပြီး လေသံကို မြင့်တက်ပြီး ပြောလို့မရပါဘူး။ အသက်ကို ပုံမှန်ရှုပြီး ပြောပြနိုင်ဖို့လိုပါတယ်။ သင်ပြောချင်တဲ့အကြောင်းအရာကို ပြောတဲ့အခါမှာ ထိုအကြောင်းအရာပဲ ပြောပါ။ အခြားမလိုလားအပ်တဲ့ အကြောင်းအရာတွေပြောတဲအခါ တစ်ဖက်သားအမြင် ပြောင်းလဲသွားနိုင်ပါတယ်။ ဥပမာ ဟိုတစ်ခေါက်ကလည်း ဒီလိုပဲ၊ စသဖြင့် စကားလုံးတွေကို အသုံးမပြုပါနှင့်။ နောက်ဆုံးအရေးကြီးတဲ့တစ်ချက်က သင်ပြောတဲ့အကြောင်းအရာ မှန်တယ်ဆိုတာကို အခြားလူတွေ ထောက်ခံအောင် မကြိုးစားပါနှင့်။ အကယ်၍ အခြားလူတွေကိုလည်း သင့်ဖက်ပါအောင် လုပ်တဲ့အခါမှာ တစ်ဖက်သားက သူ့ကို အနိုင်ကျင့်တယ်ဆိုပြီး မှတ်ယူသွားနိုင်ပါတယ်။

၃။ ကိုယ်က အမြဲဖြောင်းဖျ တက်တဲ့လူဆိုတာ ပြသပေးပါ

ဥပမာ “နင်က ငါပြောတာ ဘယ်တော့မှ နားမထောင်ဘူး။ အမြဲဖြတ်ပြောတယ်။” ဒီလိုစကားလုံးမျိုး ရွေးချယ်ပြီးပြောရင်တော့​ အငြင်းအခုံပဲ ပိုဖြစ်လာနိုင်ပါတယ်။ “ငါပြောပြတဲ့ အကြောင်းအရာတွေကို နားမထောင်ပေးဘူး။ ဒီလိုလုပ်တာက ငါ့ကို အလေးမထားရာရောက်သလို ခံစားရတယ်။ ငါတော့​ နင်ပြောပြတဲ့စကားလုံးတွေကို နားထောင်ပေးတယ်။” ဒီလိုစကားလုံးမျိုးကို ရွေးချယ်ရင်တော့ တစ်ဖက်သားကလည်း သင်ပြောပြမယ့် အကြောင်းအရာကို နားထောင်ဖို့ ပိုများပါတယ်။

၄။ အရိပ်အကဲ နှင့် အခြေအနေကြည့်ပါ

လူအများကြားရှိတဲ့အခါ မှားတဲ့အကြောင်းကို တိုက်ရိုက်ထောက်ပြလိုက်မယ်ဆိုရင် တစ်ဖက်သားက ရှက်သွားပြီး အမှားအယွင်းတွေ ပိုဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် တစ်ဖက်သားနှင့် သင်နှစ်ယောက်တည်း ကြားနိုင်တဲ့နေရာမှာ အရင်တိုင်ပင် ညှိနှိုင်းမှုလုပ်ပါ။

၅။ စဉ်းစားဖို့အချိန်ပေးလိုက်ပါ

လူတစ်ယောက် မှားနေကြောင်းကို ယဉ်ကျေးစွာ ထောက်ပြနည်း 1

တစ်ဖက်သားကို သင်ဖိပြောနေရင် တစ်ဖက်သားက နားထောင်နိုင်စွမ်းမရှိတော့ပဲ ဒေါသကို ကြီးမားအောင် လှုံ့ဆော်ပေးသလို ဖြစ်သွားနိုင်ပါတယ်။ ဒါ့ကြောင့် တစ်ဖက်သားကို အချိန်ပေးဖို့ လိုပါတယ်။ သူစဉ်းစားချိန်ရအောင် အချိန်ခဏပေးလိုက်ပါ။

၆။ သက်သေ သာဓကကို ယဉ်ကျေးစွာ ထောက်ပြပါ

လူတစ်ယောက်မှားနေကြောင်းကို ဒီအကြောင်းအရာက လုံး၀မှားတယ်၊ ဒါမှ မှန်တယ်ဆိုတာမျိုးကို ပြောရင်တော့ တစ်ဖက်သားကလည်း မှားနေကြောင်းကို ဘယ်တော့မှ ဝန်ခံမှာ မဟုတ်ပါဘူး။ ဒါကြောင့်​ ယဉ်ကျေးစွာနဲ့ တစ်ဖက်သားကို နားလည်အောင် ထောက်ပြတာမျိုး လုပ်ဖို့လိုပါတယ်။ ဥပမာ “ဟိုတစ်ခေါက်က နင်ပြောပြတဲ့ ခွေးတွေကို နေ့တိုင်းလမ်းလျှောက်ထွက်ဖို့ မလိုဘူးဆိုတာ တိမွေးကု ဆရာဝန်ရေးထားတဲ့ စာကို ဖတ်လို့ သတိရသွားတယ်။ ငါပို့ပေးလိုက်မယ်၊ အချိန်ရရင် ဖတ်ကြည့်လိုက်။ “ ဒီလိုစကားလုံးမျိုးကို သုံးတဲ့အခါ တစ်ဖက်သားကလည်း သင်ပြောတာကို နားထောင်ပြီး ဖတ်ကြည့်ပါလိမ့်မယ်။ သူပြောတဲ့အကြောင်းအရာမှားသွားတဲ့အခါမှာလည်း သူ့ထင်မြင်ယူဆချက်ကို သင့်ကို ဘယ်လိုထင်ခဲ့ကြောင်း ပြန်ပြောပြပါလိမ့်မယ်။

၇။ ဟာသလေးလည်း ရောပြီးပြောပါ

ဟာသရောပြီး ပြောတဲ့အခါလည်း ဂရုစိုက်ဖို့လိုအပ်ပါတယ်။ သင်ပြောလိုက်တဲ့အကြောင်းအရာက တစ်ဖက်သားကို လှောင်ပြောင်သွားတဲ့ သဘောမျိုး မသက်ရောက်ဖို့ အရေးကြီးပါတယ်။ ဥပမာ “ငါ့ကိုတော့ နင် မသတ်လောက်ပါဘူးနော်၊ ဟုတ်တယ်မလား။ ” စသဖြင့် စကားလုံးတွေရွေးချယ်တတ်ဖို့ အရေးကြီးပါတယ်။

၈။ ချီးမွမ်းစကားလည်း ပြောဖို့မမေ့ပါနှင့်

နောက်ဆုံးအနေနှင့် တစ်ဖက်သားပြောတဲ့အကြောင်းအရာက မှားနေပြီဆိုရင်တော့ အခုလို ပြောပြနိုင်ပါတယ်။ “သူငယ်ချင်း၊ မင်းက ငါတို့ကို အကြံဉာဏ်ကောင်းတွေ အမြဲပေးခဲ့တယ်၊ ဒီတစ်ခေါက်တော့ မင်းပြောပြတဲ့ အကြောင်းအရာတွေကို သိပ်သဘောမတူဘူး။ ထပ်ပြီး ဆွေးနွေးချင်သေးတယ်။” စသဖြင့် သင်ပြောနိုင်ပါတယ်။ တစ်ဖက်သားမှာလည်း သူ့အတွက် စဉ်းစားစရာတွေ ထပ်ဖြစ်ပြီး သူထင်တဲ့ ထင်မြင်ယူဆချက်တွေကို ထပ်ပြီး ပြန်စဉ်းစားနိုင်ပါတယ်။

Exit mobile version