ရည်မှန်းချက်ပန်းတိုင် အရှေ့ရောက်ဖို့အတွက် ပြတ်ပြတ်သားသား ငြင်းရမယ့်အရာများ

သင့်ဘ၀မှာ အရှေ့ရောက်ဖို့အတွက် အချို့အရာတွေကို ပြတ်ပြတ်သားသားငြင်းရမှာ ဖြစ်ပါတယ်။​ အရာအားလုံးကို ခေါင်းညိမ့်လက်ခံနေလို့ မရပါဘူး။ အခုပြောပြမယ့်အချက်တွေကို “NO” လို့ သင်ငြင်းနိုင်ပြီဆိုရင် ရှေ့ဆက်သွားမယ့် လမ်းကြောင်းအတွက် ပိုမြန်သွားနိုင်ပါတယ်။

၁။ Negative Relationships

Relationships လို့ဆိုရာမှာ ချစ်သူရည်းစားအပြင် သင်ပေါင်းသင်းဆက်ဆံနေတဲ့ သူငယ်ချင်းနဲ့ အခြားလူတွေလည်း ပါဝင်ပါတယ်။ ဥပမာ သင်တစ်ခုခုကို စဉ်းစားအကောင်အထည်ဖော်ဖို့ တိုင်ပင်လိုက်တိုင်း မှားတယ်၊ မဖြစ်နိုင်ဘူးလို့ အမြဲပြောတဲ့ သူငယ်ချင်းတွေရှိရင် ဝေးဝေးကနေ ရှောင်သင့်ပါတယ်။ ဒါ့အပြင် သင့်ကို အဆိပ်အတောက်ဖြစ်စေတဲ့ ချစ်သူ၊ ရည်းစားမျိုး ရထားပြီဆိုရင်လည်း​ ကိုယ့်လမ်းကိုယ်လျှောက်ဖို့ သေချာစဉ်းစားသင့်ပါတယ်။ Negative ဖြစ်တယ့်လူတွေနဲ့ ပေါင်းသင်းရမယ့်အစား Positive စိတ်ခွန်အားဖြစ်စေတဲ့ လူတွေနဲ့ အတူတူပေါင်းသင်း သွားလာပါ။ သင့်ကို စိတ်ခွန်အားတွေ ဖြစ်စေမယ့်အပြင် ကိုယ့်ကိုယ်ကိုလည်း ယုံကြည်မှုတိုးပွားစေပါတယ်။

၂။ အတွေးလွန်ခြင်း

ရည်မှန်းချက်ပန်းတိုင် အရှေ့ရောက်ဖို့အတွက် ပြတ်ပြတ်သားသား ငြင်းရမယ့်အရာများ 1

တွေးခေါ်စဉ်းစားတာက ကောင်းတဲ့အလေ့အကျင့်ဖြစ်ပေမယ့် အတွေးလွန်ပြီး အလုပ်မဖြစ်တာတော့ မဖြစ်သင့်ပါဘူး။ ဥပမာ နိုင်ငံရေးအခြေအနေကြောင့် အလုပ်တွေခက်ခဲနေတဲ့အချိန်မှာ သင့်ကိုပြည်ပနိုင်ငံက အလုပ်တစ်ခုက​ လာကမ်းလှမ်းတဲ့အခါမှာ နှစ်ခါစဉ်းစားတာမျိုး မလုပ်သင့်ပါဘူး။ နေရေးထိုင်ရေး အဆင်ပြေပါ့မလား၊ သွားရေးလာရေးအဆင်ပြေပါ့မလား စသဖြင့် မတွေးနေပဲ ရတဲ့အလုပ်ကို လက်ဆွဲပြီး လုပ်သင့်ပါတယ်။ ဒီလိုအချိန်မျိုးတွေမှာ အတွေးမလွန်ဖို့လည်း အရေးကြီးပါတယ်။

၃။ ကျရှုံးမှာ ကြောက်နေခြင်း

မကျရှုံးဘူးတဲ့လူဆိုတာ မရှိပါဘူး။ တစ်ခုခုလုပ်ဖို့ ပြင်ဆင်လိုက်တိုင်း ကျရှုံးမှာ ကြောက်နေရင်တော့ သင် အရှေ့ကိုရောက်ဖို့မရှိပါဘူး။ အကျရှုံးကတစ်ဆင့် သင်ခန်းစာယူပြီး ကြိုးစားတဲ့လူတွေပဲ အောင်မြင်သွားတယ်ဆိုတာ သိထားဖို့အရေးကြီးပါတယ်။

၄။ လက်တွေ့မကျတဲ့ မျှော်လင့်ချက်မျိုးထားခြင်း

ဒီနေ့ နိုင်ငံရပ်ခြားမှာအလုပ်ရပြီး နောက်နှစ်မှာ ကားအကောင်းစားဝယ်စီးပြီး သုံးဖြုန်းမယ်ဆိုတာမျိုးတွေကို မျှော်လင့်ချက် မထားသင့်ပါဘူး။ ဒါမျိုးမျှော်လင့်ချက်တွေ ထားနေမယ်ဆိုရင်တော့ သင်လျှောက်လှမ်းတဲ့ အနာဂတ်ခရီးက ကြန့်ကြာသွားနိုင်ပါတယ်။ ဒီလိုမျှော်လင့်ချက်တွေထားမယ့်အစား နောက်နှစ်မှာ သင်အလုပ်နဲ့ပတ်သတ်တဲ့ Skill တစ်ခုခု သင်ယူရမယ်လို့ ရည်မှန်းချက်ထားရပါမယ်။

၅။ ကိုယ့်ကိုယ်ကို အမြဲအပြစ် မြင်ခြင်း

သင် လိုချင်တဲ့အရာတွေ မရလိုက်တိုင်း၊ ရည်မှန်းထားတဲ့အရာတွေ မဖြစ်လိုက်တိုင်း သင် အရမ်းညံ့ဖျင်းတယ်လို့ ကိုယ့်ကိုယ်ကို သုံးသပ်လို့မရပါဘူး။ သင် လုပ်ခဲ့တဲ့ အောင်မြင်ခဲ့တဲ့အရာတွေကို ပြန်ကြည့်ပြီး သုံးသပ်ဖို့ လိုပါတယ်။ ဒါမှ သင် ရှေ့ဆက်ဖို့ ခွန်အားတွေ ရလာမှာ ဖြစ်ပါတယ်။

၆။ Social Media ကို လိုတာထက် ပိုအသုံးပြုခြင်း

ရည်မှန်းချက်ပန်းတိုင် အရှေ့ရောက်ဖို့အတွက် ပြတ်ပြတ်သားသား ငြင်းရမယ့်အရာများ 2

အဆိပ်အတောက်အဖြစ်ဆုံးနဲ့ စိတ်ကိုဒုက္ခအပေးနိုင်ဆုံးက​ Social Media ပါပဲ။ ဥပမာ မြန်မာနိုင်ငံရဲ့ Social Media လောကမှာ ဖြစ်ပျက်နေတဲ့ အတင်းအဖျင်းသတင်းတွေပဲ နေ့တိုင်းကြည့်နေမယ်ဆိုရင်တော့​ သင့်ဆီကို ကောင်းတဲ့အတွေးအခေါ်တွေ ရောက်လာဖို့ အနှောင့်အယှက်တွေ ဖြစ်သွားနိုင်ပါတယ်။

၇။ အရာအားလုံးကို လိုက်နှိုင်းယှဉ်ခြင်း

သင့်ထက်ကောင်းပြီး သာမွန်တဲ့အရာတွေကိုပဲ လိုက်နှိုင်းယှဉ်နေမယ်ဆိုရင်တော့ သင့်မှာရှိပြီးသားအရာတွေက သင့်အတွက် ဘယ်လောက်အသုံးဝင်လဲဆိုတာ မေ့သွားတတ်ပါတယ်။ စိတ်အလိုမကျတွေဖြစ်နေပြီး အမြဲစိတ်က တစ်ခုခုတောင့်တ လိုအပ်နေတာကြောင့် သင့်အလုပ်လုပ်တဲ့အခါ ထိခိုက်နိုင်ပါတယ်။

၈။ အချိန်ဆွဲခြင်း

ယနေ့ သင်ပြီးမြောက်နိုင်တဲ့ အလုပ်ကို မလုပ်ပဲ အခြားနေ့တစ်နေ့ (သို့) အလုပ်တွေကို များလာမှ ပေါင်းလုပ်တာမျိုး​ မလုပ်မိပါစေနှင့်။ ဥပမာ စားပြီးသား ပန်းကန်တစ်ချပ်ကို ချက်ချင်းဆေးကြောလို့ရပေမယ့်​ တစ်ပတ်လောက်ကြာမှ ဆေးတာမျိုးကို မလုပ်သင့်ပါ။ အလုပ်တစ်ခုခုကို ပြီးမြောက်အောင် လုပ်လိုက်ခြင်းဖြင့်​ သင့်ရဲ့ စိတ်လည်း ပေါ့ပါးပြီး လန်းဆန်းလာမှာ ဖြစ်ပါတယ်။

၉။ လိုအပ်တာထက် ပိုသုံးစွဲခြင်း​

အဝတ်အထည်နှင့် အသုံးအဆောင်တွေ နဂိုရှိနေခြင်းထက် ပိုပြီးဝယ်ယူသုံးစွဲခြင်းကလည်း သင့်ရဲ့ ငွေကြေးပိုင်းထိခိုက်ခြင်းနှင့် အခြားစိတ်အလိုမကျမှုတွေကို ဖြစ်ပေါ်စေပါတယ်။ ရှိတာလေးနှင့် ရောင့်ရဲတင်းတိမ်တက်ဖို့လည်း အရေးကြီးပါတယ်။

Exit mobile version