ဘီလီယံနာ Mark Cuban ပြောပြတဲ့ ထိရောက်တဲ့ အပေးအယူနည်းလမ်းကောင်း

Mark Cuban က အမေရိကန်နိုင်ငံမှာ အချမ်းသာဆုံးစီးပွားရေးလုပ်ငန်းရှင်တွေထဲမှာ ပါဝင်တဲ့ ထိပ်တန်းစီးပွားရေးလုပ်ငန်းရှင် တစ်ဦးဖြစ်ပါတယ်။ Shark Tank လို့ခေါ်တဲ့ ရုပ်သံအစီအစဉ်တစ်ခုမှာလည်း ပါဝင်သူတစ်ယောက်ဖြစ်ပါတယ်။ Shark Tank ဆိုတာက စွန့်ဦးတီထွင်လုပ်ငန်းရှင်တွေကို သူဌေးကြီးတွေက ကြိုက်နှစ်သက်ရင် ရင်းနှီးမြှုပ်နှံမှု အပေးအယူလုပ်တဲ့ ရုပ်သံအစီအစဉ်တစ်ခု ဖြစ်ပါတယ်။

စာဖတ်သူက Shark Tank အစီအစဉ်ကိုကြည့်ဖူးတဲ့လူဆိုရင် Mark Cuban ကိုလည်း ရင်းနှီးပြီးသား ဖြစ်မှာပါ။ Shark ဆိုတာက ရင်းနှီးမြှုပ်နှံမယ့် သူဌေးကြီးတွေကို ဆိုလိုတာဖြစ်ပါတယ်။ Mark Cuban က shark tank ထဲမှာ အပေးအယူ deal လုပ်တဲ့အခါ အခြား​ sharkတွေလို ကိုယ်လိုချင်တဲ့ အပေးအယူကို အရင် စ မပြောပါဘူး။ စွန့်ဦးတီထွင်လုပ်ငန်းရှင်တွေ ပြောတဲ့အပေးအယူနဲ့ လုပ်ငန်းအကြောင်းကို စကားဆုံးအောင် နားထောင်တက်ပါတယ်။ ပြီးမှ သူလိုချင်တဲ့ အပေးအယူကို ကမ်းလှမ်းတက်ပါတယ်။ Shark Tank ကိုကြည့်တဲ့ ပရိတ်သတ်တော်တော်များများက Mark Cuban ကို အခြား shark တွေနဲ့ ယှဉ်ရင် ပိုပြီးနှစ်သက်ကြပါတယ်။

“တိတ်ဆိတ်နေခြင်းက သင်လေ့လာလို့ရမယ့်​အကြောင်းအရာကို လေ့လာဖို့ အခွင့်အရေးရပါတယ်။ Shark Tank ကို စွန့်ဦးတီထွင်လုပ်ငန်းရှင်တစ်ယောက်ယောက် ဝင်လာတိုင်း ဒီလုပ်ငန်းကို ကျွန်တော်ကြိုက်လား​၊ မကြိုက်လားဆိုတာ မပြောနိုင်ပါဘူး။ ဒါပေမယ့် အခြား sharks တွေ အပေးအယူကမ်းလှမ်းတာလုပ်တာတွေ နားထောင်တာက ဆုံးဖြတ်ချက်ချမယ့်အရာတွေကို ခိုင်မာစေပါတယ်။ ဒီလုပ်ငန်းကို ရင်းနှီးမြှုပ်နှံမှု လုပ်သင့် မလုပ်သင့်ဆိုတာ သူတို့ပြောပြတဲ့အရာတွေကို နားထောင်လေလေ ဆုံးဖြတ်ချက်ချဖို့ ပိုခိုင်မာလာလေပါပဲ။”

အခြား sharks တွေက အပေးအယူတွေကမ်းလှမ်းပြီး ပြောနေချိန်မှာ Mark Cuban က အမြဲတိတ်တိတ်လေး နေလေ့ရှိပါတယ်။ စွန့်ဦးတီထွင်လုပ်ငန်းရှင်တွေကလည်း အပေးအယူတွေကို အားလုံးနားထောင်ပြီးတဲ့အခါတိုင်း Mark Cuban ရဲ့ အဖြေကို နားထောင်ချင်ကြပါတယ်။ အခြား sharks တွေကလည်း Mark Cuban က သူတို့ကမ်းလှမ်းတဲ့ အပေးအယူထက် ပိုပေးနိုင်မလားဆိုပြီး တွေးကြပါတယ်။ Mark Cuban က အပေးအယူကမ်းလှမ်းလိုက်တဲ့အခါ လက်ခံကြတဲ့ စွန့်ဦးတီထွင်လုပ်ငန်းရှင်က အခြား sharks တွေထက်စာရင် ပိုပြီးများတာကိုလည်းတွေ့ရပါတယ်။

စီးပွားရေးလုပ်ငန်းအတွက် အပေးအယူတွေလုပ်တဲ့အခါမှာ ကိုယ့်ဘက်က အရင်မပြောမိဖို့ အရမ်းအရေးကြီးပါတယ်။ တိတ်တိတ်လေးနေပြီး သေချာစဉ်းစားတာက ကောင်းတဲ့ဆုံးဖြတ်ချက်ကို ချစေနိုင်ပါတယ်။ ဒါ့အပြင်ကိုယ့်ရဲ့ ပါတနာကလည်း သူပြောတာတွေနားထောင်လို့ ကိုယ့်အပေါ် အထင်ကြီးလေးစား နိုင်ပါတယ်။

Exit mobile version