ဘိုးဘွားစောင့်ရှောက်ရေးစင်တာတွေ တိုးဖွင့်ဖို့ပြင်ဆင်နေတဲ့ တောင်ကိုးရီးယားနိုင်ငံ

တောင်ကိုးရီးယားမှာ အသက်အရွယ်ရလာတဲ့ ဘိုးဘွားအရေအတွက် တစ်နှစ်ထက်တစ်နှစ် တိုးပွားလာပါတယ်။ ထို့နည်းတူ ကလေးစောင့်ရှောက်ရေးစင်တာ အရေအတွက်တွေလည်း နည်းလာတာကို တစ်ပြိုင်နက်တွေ့ရှိရပါတယ်။

၂၀၁၇ခုနှစ်ကာလတုန်းက ကလေးစောင့်ရှောက်ရေးစင်တာပေါင်း လေးသောင်းကျော်ရှိခဲ့ပါတယ်။ လွန်ခဲ့တဲ့နှစ်ရဲ့ အစိုးရ ထုတ်ပြန်ချက်အရတော့ စင်တာပေါင်း သုံးသောင်းကျော်လောက်ပဲ ကျန်ရှိတော့တာကို တွေ့ရပါတယ်။ တစ်ချိန်တည်းမှာပဲ လူဦးရေတိုးတက်လာမှုနှုန်းကလည်း သိသိသာသာ လျော့ပါးလာပါတယ်။ တောင်ကိုးရီးယားနိုင်ငံအစိုးရရဲ့ ထုတ်ပြန်ချက်အရ ၂၀၁၇ခုနှစ်ကာလမှာ ဘိုးဘွားစောင့်ရှောက်ရေး စင်တာပေါင်း ၇၆၀၀၀ မှ ၂၀၂၂ခုနှစ်မှာတော့ စင်တာပေါင်း ၈၉၆၄၃ထိ တိုးလာတာကို သိသိသာသာတွေ့ရပါတယ်။ ဘိုးဘွားစောင့်ရှောက်ရေးစင်တာတွေမှာ ကျန်းမာရေးနှင့် အခြားလိုအပ်တဲ့အရာအားလုံးကို တာဝန်ယူထားပြီး ဖွင့်လှစ်ထားပါတယ်။

တစ်ချိန်တုန်းက တောင်ကိုးရီးယားနိုင်ငံက ကမ္ဘာ့လူဦးရေ အတိုးတက်ဆုံးနိုင်ငံတစ်နိုင်ငံတည်းမှာ ပါဝင်ခဲ့ပြီး ယခုအခါမှာတော့ ၂၀၁၅ခုနှစ် အကုန်တည်းက သိသိသာသာကျဆင်းလာတာကို တွေ့ရပါတယ်။ ကျွမ်းကျင်သူတွေရဲ့ သုံးသပ်ချက်အရတော့ နေထိုင်မှုစရိတ်တိုးမြင့်လာခြင်း၊ စိတ်ဖီးစီးမှုတွေများလာခြင်းကြောင့် လူတွေက အိမ်ထောင်ပြုကလေးမွေးဖွားဖို့ကို မစဉ်းစားလာတာလို့လည်း သုံးသပ်ကြပါတယ်။ အထူးသဖြင့် အခုခေတ်လူငယ်များက အိမ််ထောင်ပြုဖို့ကို မစဉ်းစားကြတော့ပဲ တစ်ယောက်တည်းနေထိုင်ရတာကို ပိုသဘောကျလာကြပါတယ်။

၂၀၀၀ခုနှစ်နောက်ပိုင်းမှာ အစိုးရက အိမ်ထောင်ပြု၊ ကလေးယူဖို့ကို ပြည်သူတွေကို တိုက်တွန်းခဲ့ပါတယ်။ ထို့အပြင် တောင်ကိုးရီးယားသမ္မတ Yoon Suk Yeol က အိမ်ထောင်ပြုပြီး ကလေးယူကြဖို့ စည်းရုံးရေးပွဲတွေအတွက် ကန်ဒေါ်လာစုစုပေါင်း ၂၀၀ဘီလီယံထိ ကုန်ကျခံခဲ့တယ်လို့လည်း ပြောကြားခဲ့ပါတယ်။ ထိုစည်းရုံးရေးပွဲတွေက လက်တွေ့မှာတော့ မအောင်မြင်ခဲ့ပါဘူး။ ဆိုးလ်မြို့ရဲ့ တောင်ဘက်မှာရှိတဲ့ Daejon မြို့လေးမှာတော့ ဓါတ်ပုံဆရာရိုက်ခဲ့တဲ့ ဓါတ်ပုံတစ်ပုံကြောင့် လူတွေအံ့ဩသွားခဲ့ပါတယ်။ ထိုဓါတ်ပုံလေးထဲမှာတော့ တစ်ချိန်က ကျောင်းသားတွေနဲ့ စည်ကားခဲ့တဲ့ ကျောင်းလေးက ကျောင်းသားတွေနည်းလာတာကြောင့် ပိတ်ထားလိုက်ရပြီး ခြောက်ကပ်ကပ်ဖြစ်နေခဲ့တာကို တွေ့ရပါတယ်။

အလားတူ ဂျပန်နိုင်ငံနှင့် အရှေ့တောင်အာရှနိုင်ငံ အချို့မှာလည်း လူဦးရေမွေးဖွားမှုနှုန်း ကျဆင်းလာတာကို စစ်တမ်းများအရ တွေ့ရှိရပါတယ်။ တောင်ကိုးရီးယားနိုင်ငံကတော့ အနာဂတ်ထဲမှာ ကလေးသူငယ် စောင့်ရှောက်ရေးစင်တာ အရေအတွက်ထက် သက်ကြီးရွယ်အို ဂေဟာတွေကို တိုးချဲ့ဖွင့်လှစ်သွားဖို့အတွက် ပြင်ဆင်နေပြီ ဖြစ်ပါတယ်။

Exit mobile version