တစ်စုံတစ်ယောက်က သင့်ကို အသုံးချနေတယ်ဆိုတာ သိနိုင်တဲ့အချက်များ

တောင်းဆိုတဲ့အရာမှန်သမျှကို “No” လို့ပြောဖို့က လူတိုင်းအတွက်တော့ မဟုတ်နေပါဘူး။ အထူးသဖြင့် သူငယ်ချင်း၊ ဆွေမျိုး၊ မိသားစုဝင်ထဲကလူ (သို့) လုပ်ဖော်ကိုင်ဖက်ထဲက တစ်ယောက်ယောက်က သင့်ကိုအကူအညီတောင်းတဲ့အခါမှာ No ဆိုပြီးငြင်းဆိုဖို့ ခက်ခဲလှပါတယ်။ တစ်ခါတစ်လေ သင်မမျှော်လင့်ထားတဲ့လူတွေကလည်း သင့်အပေါ်မသိမသာ အမြတ်ထုတ်နေလေ့ရှိတတ်ကြပါတယ်။ ဒီလိုအမြတ်ထုတ်နေတယ်ဆိုတာ သိနိုင်တဲ့အချက်တွေကတော့

၁။ လိုအပ်တာတွေ ဖြည့်ဆည်းပေးဖို့ တောင်းဆိုခြင်း

ငယ်ရွယ်စဉ်အချိန်က မိဘတွေက သင်လိုချင်တာကို တောင်းဆိုတဲ့အခါ ဖြည့်ဆည်းပေးကြပါလိမ့်မယ်။ ဥပမာ သင်က ငိုယိုပြီးထမင်းမစားတာမျိုးနှင့် သောင်းကျန်းတဲ့အခါ သင့်မိဘတွေက သင့်ကိုအရုပ်ဝယ်ပေးတာမျိုး လုပ်ပေးပါလိမ့်မယ်။ အသက်အရွယ်တစ်ခုရောက်လာတဲ့အခါမှာတော့ လူတိုင်းက ကိုယ့်လမ်းကိုယ်လျှောက်ရကြပါတယ်။ တစ်ယောက်ယောက်က သင့်ကိုအမြဲလိုချင်တာပူဆာနေတာမျိုး (သို့) သူ့ကိုအမြဲချော့မော့ပြီး အလိုလိုက်ဖို့ပြောနေရင်တော့ သင်က မသိမသာအသုံးချခံနေရပြီ ဖြစ်ပါတယ်။

၂။ သူတို့ မကြိုက်ခြင်းကြောင့် သင်နှင့် သင့်သူငယ်ချင်းတွေကို အဆက်အသွယ်ဖြတ်ခိုင်းတာမျိုး

တစ်ချို့လူတွေက လူအများနှင့်ပေါင်းသင်းလို့မရပဲ သူတို့မကြိုက်ခြင်းကြောင့် သင်နှင့် သင့်သူငယ်ချင်းတွေကို အပေါင်းအသင်းမလုပ်ဖို့ ပြောတဲ့လူမျိုးကို တွေ့ရတတ်ပါတယ်။ ဒီလိုလူမျိုးတွေက တစ်ကိုယ်ကောင်းဆန်တဲ့လူမျိုးဖြစ်ပြီး သူတို့ရဲ့ဆန္ဒကိုပဲ ရှေ့တင်တတ်တဲ့ လူမျိုးတွေဖြစ်ပါတယ်။ ဒီလိုသူငယ်ချင်းမျိုး သင့်မှာရှိနေရင်တော့ သတိထားသင့်ပါတယ်။

၃။ Social Media မှာ ကြွားဝါတတ်သူ

သင့်အပေါင်းအသင်းထဲမှာ Social Media ကို ဘ၀လိုအသုံးပြုတဲ့လူများလည်း ရှိနိုင်ပါတယ်။ ဥပမာ သူတို့အပြင်သွားတဲ့အခါ သင့်ကိုအမြဲခေါ်ပြီး အခြားလူတွေနှင့်ဓါတ်ပုံတွေ အဆက်မပြတ် ရိုက်ခိုင်းတာမျိုး (သို့) ဓါတ်ပုံထဲမှာ သင်က သူတို့နှင့် ဓါတ်ပုံတူတူတွဲရိုက်ရတာကြောင့် အရမ်းဂုဏ်ယူနေတဲ့ ပုံစံမျိုးတွေလုပ်တဲ့ လူမျိုးတွေကို ရှောင်သင့်ပါတယ်။

၄။ သင်ကိုးကွယ်နေတဲ့ ဘာသာကို ပြောင်းခိုင်းတာမျိုး

သူတို့ရဲ့ မတူညီတဲ့ အချက်တွေကြောင့် သင် ကိုးကွယ်နေတဲ့ဘာသာကို ပြောင်းခိုင်းတဲ့လူမျိုးကို ဝေးဝေးက ရှောင်သင့်ပါတယ်။ လူတစ်ယောက်က သူကိုးကွယ်တဲ့ဘာသာရပ်ကို စိတ်ကြိုက် ရွေးချယ်ကိုးကွယ်နိုင်ပါတယ်။ ဘယ်ဘာသာမှ မကိုးကွယ်လည်း လူတစ်ယောက်ရဲ့ လွတ်လပ်ခွင့်ပဲ ဖြစ်ပါတယ်။ ဒါမျိုးကို သူတို့ရဲ့ မတူညီတဲ့ အမြင်ကြောင့် သင်ကိုးကွယ်နေတဲ့ဘာသာကို ပြောင်းခိုင်းတာမျိုးက အဆိပ်အတောက်ဖြစ်တဲ့ လူမျိုးဖြစ်တာကြောင့် ရှောင်သင့်ပါတယ်။

တစ်စုံတစ်ယောက်က သင့်ကို အသုံးချနေတယ်ဆိုတာ သိနိုင်တဲ့အချက်များ 1

၅။ အလွန်အမင်း မြှောက်ပင့်တတ်တဲ့ လူမျိုး (သို့) သင်ဘာပြောပြော မှားတယ်ဆိုတာ ပြောတတ်တဲ့လူမျိုး

အချို့လူတွေက အလွန်အမင်းမြှောက်ပင့်ပြောဆိုတတ်ပြီး အချို့လူတွေက သင်ဘာပြောပြောမှားတယ်ဆိုတာကို ပြောတတ်တဲ့လူမျိုးတွေကို ရှောင်ပါ။ အလွန်အမင်းမြှောက်ပင့်ပြောဆိုတတ်တဲ့လူတွေက သင့်ကို သူတို့လိုချင်တဲ့အရာတစ်ခုခု လုပ်စေချင်တဲ့အတွက် အစပျိုးနေတတ်တဲ့လူမျိုးတွေ ဖြစ်ပါတယ်။ သင့်ကို မြှောက်ပင့်ပြောဆိုတာများလာတဲ့အခါ သင်က အမှန်ထင်လာတတ်ပြီး သူတို့က သင့်ကိုတစ်ခုခု လုပ်ခိုင်းရင်း​ လမ်းမှားရောက်အောင် တွန်းပို့နိုင်တတ်ပါတယ်။ သင် ဘာပြောပြော မှားပြီး သူတို့ပြောတဲ့အရာမှ မှန်တယ့်လူတွေကတော့ သင့်ကိုလည်း တန်ဖိုးမထားတာကြောင့် အဝေးကနေရှောင်သင့်ပါတယ်။

၆။ ငွေကြေးပိုင်းဆိုင်ရာ ခဏခဏ အကူအညီတောင်းခြင်း

သင်မှ မကူညီရင် သူ့ကိုကူညီမယ့်လူမရှိတဲ့ပုံစံမျိုး အမြဲပြောပြီး သင့်ဆီက ငွေကြေးပိုင်းဆိုင်ရာ ခဏခဏ အကူအညီတောင်းတဲ့လူမျိုးကို ရှောင်ပါ။ သင် အကူအညီလိုလာတဲ့အခါမှာတော့ သင့်အပေါ်အကူအညီမပေးတဲ့လူမျိုးတွေ ဖြစ်ပါတယ်။

၇။ စိတ်ပိုင်းဆိုင်ရာ အကူအညီတောင်းပေမယ့် သူတို့အလှည့်ကျရင် မပေးနိုင်တာမျိုး

ဥပမာ သူတို့ဘက်က တစ်ခုခုကြောင့် စိတ်ဓါတ်ကျနေတာမျိုးဖြစ်ပြီး သင့်ကို အကူအညီတောင်းပြီး အနားမှာ အားပေးဖို့ အကူအညီတောင်းပေမယ့် သင်တစ်ကယ် ဒုက္ခရောက်တဲ့အခါမှာ သူတို့ဘက်က​ မလုပ်ပေးတာမျိုးဖြစ်ပါတယ်။ ဥပမာ သင်က Accident ဖြစ်ပြီး ဆေးရုံမှာတက်နေရပေမယ့် သင့်ဆီတောင် အလည်လာတာမျိုးမလုပ်တဲ့ လူမျိုးတွေကို ရှောင်ပါ။ ဒီလိုလူမျိုးတွေက သင့်ကို သူတို့ကိုယ်ကျိုးအတွက် အမြတ်ထုတ်နေတဲ့ လူမျိုးတွေဖြစ်ပါတယ်။

အခုပြောပြတဲ့ လူမျိုးတွေက သင့်အပေါင်းအသင်းထဲမှာ ရှိနေရင်တော့ သူတို့အနေနှင့် သင်လုပ်နေရတာမျိုးကို သူတို့အနေနှင့် လုပ်နိုင်မလားဆိုတဲ့ မေးခွန်းကိုပြန်မေးဖို့ အားမနာသင့်ပါဘူး။ လူတွေနှင့် ပေါင်းသင်းဆက်ဆံတဲ့အခါမှာ ကိုယ့်တန်ဖိုးကိုလည်း ကိုယ်တိုင်အလေးထားပြီး လူတွေကိုလည်း ပြသဖို့ လိုအပ်ပါတယ်။

Exit mobile version