ကလေးငယ်တွေကို social media အသုံးပြုမှုလျော့နည်းသွားအောင် ထိန်းကျောင်းနည်း

၂၁ရာစုရဲ့ လူနေမှုပုံစံအရ social media ရဲ့ကောင်းကျိုးနဲ့ ဆိုးကျိုးက ဒွန်တွဲနေပါတယ်။ အထူးသဖြင့်သင်က မိဘတစ်ယောက်ဆိုရင် သင့်ကလေးငယ်ကို ငြိမ်ရင်ပြီးရောဆိုပြီး ဖုန်းပေးတာမျိုး မလုပ်သင့်ပါဘူး။ Social Media မှာ မြင်ရတွေ့ရတဲ့အရာတွေအားလုံးက အပြင်လောကမှာ ဖြစ်ပျက်နေတဲ့အရာတွေနဲ့ မတူပါဘူး။ အရွယ်မရောက်သေးတဲ့ ကလေးတွေအတွက် အတုယူမှားပြီး လမ်းမှားရောက်သွားနိုင်ပါတယ်။

မိဘတစ်ယောက်ရဲ့ ပြောကြားချက်အရ အသက် ဆယ့်နှစ်နှစ် သမီးငယ်လေးက Instagram ကို အသုံးပြုတဲ့အခါ အရွယ်ရောက်ပြီးသား ယောကျ်ားတွေနဲ့ မသင့်တော်တာမျိုးတွေ ပြောထားတဲ့အဆင့်ထိကို တွေ့ခဲ့ရပါတယ်။ မိဘတွေက သားသမီးတွေကို social media လုံး၀မသုံးရဘူးလို့ တားမြစ်ဖို့က မလွယ်ပါဘူး။ အရမ်းစည်းကမ်း တင်းကျပ်လိုက်တဲ့အခါမှာ သား၊သမီးတွေက ထင်ရာကို လုပ်တတ်ကြပါတယ်။ ယခုကဲ့သို့ အတွေ့အကြုံနဲ့ ပတ်သတ်ပြီး မိဘတစ်ယောက်ကလည်း အခုလို ပြောပြပါတယ်။

“ကျွန်မ သားနဲ့သမီးတွေက အသက်ဆယ်နှစ်လောက်မှာ လူမှုကွန်ယက်ကို အကောင့်တွေစတင်ဖွင့်ပြီး အသုံးပြုပါတယ်။ ဒီလိုအချိန်မှာ ကျွန်မအနေနဲ့ လုံး၀တားမြစ်လို့မရပါဘူး။ ဒါပေမယ့် အချိန်နဲ့ အသုံးပြုရမယ်ဆိုတာကို တော်တော်ကြာနားဝင်အောင် ပြောပြခဲ့ရပါတယ်။ ဒါ့အပြင် အသက်အရွယ်တစ်ခု ရောက်လာရင် ကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့ အသုံးပြုလို့ရမယ်ဆိုတဲ့ အကြောင်းလည်း ရှင်းပြခဲ့ပါတယ်။ ပြီးတော့ ကျွန်မ သူတို့အကောင့်အားလုံးကို follow လုပ်ထားပြီး ဘာအခက်အခဲဖြစ်ဖြစ် အမေနဲ့အဖေကို ပြောပြရမယ်ဆိုပြီး အပေးအယူမျိုး လုပ်ခဲ့ပါတယ်။” ဒီနည်းလမ်းက မိဘတစ်ယောက် အသုံးပြုခဲ့တဲ့ နည်းလမ်းတစ်ခု ဖြစ်ပါတယ်။

မိဘတွေအနေနဲ့ သားသမီးတွေ ဝါသနာပါတဲ့အရာမျိုး၊ စိတ်ဝင်စားတဲ့အရာမျိုးကို အားပေးအားမြှောက်လုပ်သင့်ပါတယ်။ ဥပမာ ပန်းချီဆွဲတာမျိုး၊ အပင်လေးတွေ စိုက်ပျိုးတာမျိုး၊ အားကစားတစ်ခုခုကို လုပ်တာမျိုးတွေကို​ စိတ်ဝင်စားတဲ့အခါ သူတို့အတွက် အချိန်ပေးပြီး လုပ်ပေးသင့်ပါတယ်။ သားသမီးတွေကို ဖုန်းပေးထားတဲ့အခါမှာ ဖုန်းအပေါ်ပဲ စိတ်ဝင်စားပြီး social media ကို အသုံးပြုမှု ပိုများသွားနိုင်ပါတယ်။ Social Media ကို အသုံးပြုများတဲ့ကလေးသူငယ်တွေက ကျောင်းသင်ခန်းစာတွေမှာ အာရုံကြာကြာမစိုက်နိုင်ကြပါဘူး။ ဒီလိုဖြစ်လာခဲ့ရင်တော့ ကလေးငယ်ရဲ့ ပညာရေးပါ ထိခိုက်လာနိုင်ပါတယ်။

ကလေးငယ်တွေကို​ အင်တာနက်အသုံးပေးပြုတဲ့အခါမှာ ဗဟုသုတရှာမှီးနိုင်တဲ့ websites တွေနဲ့ သတ်မှတ်ထားတဲ့ websites တွေကိုပဲ အသုံးပေးပြုသင့်ပါတယ်။ အသုံးပြုတဲ့အချိန်တွေကို မိဘတွေအနေနဲ့ စည်းကမ်းတစ်ခုချမှတ်ထားသင့်ပါတယ်။ အကယ်၍ သင့်အနေနဲ့ သားသမီးတွေကို ပြောရခက်နေမယ်ဆိုရင် သင်တစ်ယောက်တည်း ဒီအခြေအနေကို ကြုံတွေ့နေရတာမျိုး မဟုတ်ဘူးဆိုတာ သိထားရပါမယ်။ အခြားမိဘ၊ဆရာတွေနဲ့ ဆွေးနွေးသင့်ပြီး အဖြေတစ်ခုခုကို ရှာဖို့ အကြံပေးပါရစေ။

Exit mobile version