သင့်ရဲ့ ကိုယ်ရေးအကျဉ်းမှာ သင်အလုပ်မရှိခဲ့တဲ့ကာလကို အင်တာဗျူးမှာ မေးခဲ့ရင် ဘယ်လိုရှင်းပြမလဲ

လူတစ်ယောက်ရဲ့ အလုပ်လုပ်ခဲ့တဲ့ သမိုင်းကို ရှင်းပြတာက ရှက်စရာမဟုတ်ပါဘူး။ ဆယ်နှစ်ဝန်းကျင်အလုပ်တစ်ခုမှာ ကျင်လည်ခဲ့ကြတဲ့လူအချို့တောင် အလုပ်အသစ်အတွက် အင်တာဗျူးဖြေတဲ့အခါ အမှားမှားအယွင်းယွင်း ဖြစ်တတ်ကြပါတယ်။ သင့်ရဲ့ ကိုယ်ရေးအကျဉ်းမှာ သင်အလုပ်လုပ်ခဲ့တဲ့ companies တွေနဲ့ သက်တမ်းတွေကို ရေးတဲ့နေရာမှာ ကြားကာလတွေရှိနေတတ်ပါတယ်။ ဥပမာ သင်အကြောင်းအမျိုးမျိုးကြောင့် တစ်နှစ်လောက် company မှာ ဝင်မလုပ်တာမျိုးတွေ ရှိပါတယ်။ ဒီလိုကာလတွေကို လိမ်ပြီး အခြား company တစ်ခုခုမှာ ဝင်ရောက်လုပ်ကိုင်ခဲ့တဲ့ ပုံစံမျိုးကို ကိုယ်ရေးအကျဉ်းထဲမှာ ထည့်မရေးသင့်ပါဘူး။

သင်က company အသစ်တစ်ခုမှာ အလုပ်အင်တာဗျူးရပြီး မေးမြန်းခံရတယ်ဆိုပါစို့။ ဒီလိုအချိန်မှာ အလုပ်ရှင်အသစ်က သင့်ကို သေချာပေါက် အလုပ်မရှိတဲ့ကာလကို မေးခွန်းထုတ်ပါလိမ့်မယ်။ ဒီလိုအချိန်မျိုးနဲ့ ကြုံလာရင် သင့်ဘက်က ကြိုတင်ပြင်ဆင်ထားဖို့ လိုအပ်ပါလိမ့်မယ်။ အခုပြောပြမယ့် အချက်တွေကို သင် ဖတ်ရှုထားရင်တော့ သင့်ရဲ့ အင်တာဗျူးက အဆင်ပြေချောမွေ့နေပါလိမ့်မယ်။

၁။ ရိုးသားပါ

သင်အလုပ်မရှိခဲ့ရတဲ့ အကြောင်းရင်းကို ရိုးသားစွာဖြေပါ။ ဥပမာ ကိုဗစ်ကာလကြောင့် သင်အလုပ်လက်မဲ့ ဖြစ်သွားတာမျိုး၊ ဒါမှမဟုတ် မိသားစုအရေး တစ်ခုခုကြောင့် သင် အလုပ်က ထွက်လိုက်ရတာမျိုးတွေရှိခဲ့ရင် အမှန်အတိုင်း ပြောပြပါ။ အကြောင်းပြချက် အတုအယောင်တွေနဲ့ လိမ်လည်တာမျိုးတွေကို သင်ဖြေခဲ့ရင်တော့ သင် လိမ်နေတယ်ဆိုတာ ပိုထင်ပေါ်လာပါလိမ့်မယ်။


၂။ ကောင်းတဲ့အရာလေးတွေကို အာရုံစိုက်ပြီး ပြောပေးပါ

အင်တာဗျူးတိုင်းမှာ သင့်ကို မေးခွန်းတွေ အများကြီးထုတ်တတ်ကြပါတယ်။ ဒါကလည်း ပုံမှန်လုပ်ငန်းစဉ်အရ သင့်အကြောင်းကို သိအောင် များများမေးတက်ကြပါတယ်။ အထူးသဖြင့် သင်အလုပ်မရှိတဲ့ကာလကို တွေ့တဲ့အခါ အဲ့ဒီအချိန်မှာ သင်ဘာတွေလုပ်နေခဲ့လဲဆိုတာ မေးမြန်းပါလိမ့်မယ်။ သင့်အနေနဲ့ အဲ့အချိန်မှာ လုပ်အားပေးအရာတွေကို လိုက်လုပ်ပေးတာမျိုး၊ သင့်ဆွေမျိုးသားချင်းထဲက နာမကျန်းဖြစ်နေတဲ့ လူတွေကို ပြုစုစောင့်ရှောက်ပေးတာမျိုးတွေကို ပြောသင့်ပါတယ်။ အလုပ်နဲ့မသက်ဆိုင်တဲ့ အရာတွေဖြစ်ပေမယ့် သင်က မိသားစု၊ မိတ်ဆွေတွေအပေါ် ဂရုစိုက်တတ်တယ်ဆိုတာမျိုးကို ပေါ်လွင်စေပါတယ်။ အင်တာဗျူးမေးတဲ့လူကလည်း သင်ဖြေတဲ့အဖြေပေါ် လေးစားသွားတတ်ပါတယ်။

၃။ ကြားကာလကို သင်ဘယ်လို ဖြတ်သန်းခဲ့လဲဆိုတာ ပြောပြပါ

သင်အလုပ်မရှိတဲ့ကာလမှာ သင်တစ်ခုခုကို လေ့လာရင်း အချိန်တွေကို အကျိုးရှိရှိအသုံးချခဲ့တယ်ဆိုတာမျိုး ပြောပြပါ။ ဥပမာအားဖြင့် သင်က စာရင်းကိုင် တစ်ယောက်ဆိုပါစို။ ကြားကာလမှာ စာရင်းကိုင်ပညာနဲ့ ပတ်သတ်တဲ့ သင်ခန်းစာတစ်ခုခုကို ပြီးမြောက်အောင် သင်ယူခဲ့တယ်ဆိုပြီး ဖြေနိုင်ပါတယ်။ အကယ်၍ သင်ခန်းစာတစ်ခုခု မပြီးမြောက်ခဲ့ရင်လည်း သင့်ရဲ့ အရည်အသွေးတွေကို မြှင့်တင်ဖို့ နယ်ပယ်အသစ်ထဲက လုပ်ငန်းအကြောင်းအရာတွေကို သင်ယူလေ့လာခဲ့တယ်လို့လည်း ဖြေနိုင်ပါတယ်။

၄။ ယုံကြည်မှုရှိပါ

သင့်ကို မေးခွန်းတွေမေးတဲ့အခါ စိုးရိမ်သွားတဲ့အမူအရာမျိုး၊ တောင်းပန်တာမျိုး မလုပ်မိပါစေနဲ့။ သင်က အခုလာလျှောက်တဲ့ ရာထူးအတွက် အသင့်တော်ဆုံး လူဖြစ်တယ်မျိုး ခံယူထားပါ။ သင် သင်ယူခဲ့တဲ့ အရည်အသွေး၊ အတွေ့အကြုံတွေက ဒီအလုပ်အတွက် အကိုက်ညီဆုံးလို့ ခံယူပြီး မေးခွန်းတွေကို ဖြေပါ။

၅။ လိုရင်း တိုရှင်း ပြောပါ

မေးခွန်းတွေကို ဖြေတဲ့အခါ အကျယ်ချဲ့ပြီး ပြောတာမျိုးကို ရှောင်ကြဉ်ပါ။ လိုရင်းတိုရှင်းနဲ့ မေးခွန်းမေးတဲ့လူ နားလည်သဘောပေါက်လွယ်အောင် ဖြေပါ။ သင့်ရဲ့ လုပ်ငန်းအတွေ့အကြုံနဲ့ သင်ယူခဲ့တဲ့အရာတွေကို သေချာရှင်းပြပါ။

အကယ်၍ သင့်အနေနဲ့ စိုးရိမ်နေတယ်ဆိုရင် အခုလိုစကားပြောတွေနဲ့ လေ့ကျင့်နိုင်ပါတယ်။ “ဒီကာလတွေမှာတော့ ကျွန်တော့်အနေနဲ့ အလုပ်နဲ့ မစိမ်းသွားအောင် (သင်လေ့လာသင်ယူခဲ့တဲ့အရာတွေပြောပါ)။ အလုပ်ပြန်ဝင်တဲ့အခါမှာ ကျွန်တော်၊ ကျွန်မ အဆင်သင့်ဖြစ်နေအောင် သင်ယူခဲ့တဲ့အရာတွေကို ပြန်လည်အသုံးချနိုင်မယ်လို့ ယုံကြည်ပါတယ်။ အခု လုပ်ရမယ့်ရာထူးအတွက် ကျွန်တော်၊ကျွန်မ အသစ်လေ့လာခဲ့တဲ့အရာတွေကို ပြန်လည်အသုံးချပြီး ပိုမိုကောင်းမွန်အောင် လုပ်နိုင်မယ်လို့ ယုံကြည်ပါတယ်။ “

Exit mobile version