မက်ဆီကိုမှာ ကိုယ်ပိုင်စားသောက်ဆိုင်ဖွင့်ဖို့အတွက် Apple မှ အလုပ်ထွက်ခဲ့သူ

သင်သာ Apple လို ကုမ္ပဏီကြီးတစ်ခုမှာ အလုပ်ရခဲ့မယ်ဆိုရင် အလုပ်ထွက်ဖို့အကြောင်း တော်ရုံစဉ်းစားမိမှာ မဟုတ်ပါဘူး။ ကမ္ဘာပေါ်မှာ ဝန်ထမ်းတွေကို ဝန်ဆောင်မှုအပြည့်နဲ့ လစာကောင်းကောင်းပေးတဲ့ company တွေထဲမှာ Apple, Google တို့က ထိပ်ဆုံးပါပဲ။ ဒါပေမယ့်​ အမေရိကန်နိုင်ငံသား Dan Defossey ကတော့ ကိုယ်ပိုင် BBQ ဆိုင်လေးကို အခြားနိုင်ငံမှာ ဖွင့်ဖို့အတွက် Apple company မှ အလုပ်ပါ ထွက်ခဲ့ပါတယ်။

အမေရိကန်နိုင်ငံ နယူးယောက်မြို့က Dan Defossey ဆိုသူက ကျောင်းပြီးတဲ့အခါမှာ ပထမဦးဆုံး နိုင်ငံရေးနယ်ပယ်ထဲမှာ အလုပ် စလုပ်ဖြစ်ပါတယ်။ နောက်ပိုင်းမှာတော့ တက္ကဆက်ပြည်နယ်မှာ ကျောင်းဆရာအဖြစ် ဝင်ရောက်လုပ်ကိုင်ပါတယ်။ ၂၀၀၉ ခုနှစ်မှာတော့ Apple company မှာ အလုပ်ရရှိခဲ့ပြီး မားကတ်တင်းဌာနရဲ့ အကြီးကဲဖြစ်လာခဲ့ပါတယ်။​ ရာထူးတိုးအနေနဲ့ မက်ဆီကိုနိုင်ငံမှာ တာဝန်ထမ်းဆောင်ခဲ့ရပါတယ်။

၂၀၁၃ ခုနှစ်မှာတော့ Defossey က သူ့ရဲ့ မက်ဆီကို နိုင်ငံသား သူငယ်ချင်း Roberto Luna ကို​ တစ်ခုခုလုပ်ကြဖို့ တိုက်တွန်းပါတယ်။ သူတို့အခုလိုနေနေတဲ့ ဘ၀ကြီးကို ပြောင်းလဲဖို့ ဆွေးနွေးတိုင်ပင်ကြပါတယ်။ သူတို့တိုင်ပင်တဲ့ အကြောင်းအရာကတော့ စားသောက်ဆိုင်တစ်ဆိုင်ဖွင့်ဖို့ပဲ ဖြစ်ပါတယ်။ နှစ်ယောက်လုံးက စားသောက်ဆိုင်နဲ့ ပတ်သတ်တဲ့ အကြောင်းအရာတစ်ခုမှ သေချာမသိပဲ စားသောက်ဆိုင်လုပ်ငန်းကို စတင်ဖို့ သဘောတူလိုက်ကြပါတယ်။

Pinche Gringo ရဲ့ ပုံပြင်အစဖြစ်ပေါ်လာပုံ

ပထမဦးဆုံး ကားရဲ့အနောက်မှာတွဲထားတဲ့ airstream ကို တက္ကဆက်ပြည်နယ်မှာ ဝယ်ယူပြီး မက်ဆီကိုနိုင်ငံထိ မောင်းနှင်သွားပါတယ်။ သူတို့ရဲ့ စိတ်ကူးကတော့ airstream မှာ BBQ ချက်ပြုတ်ပြီး ရောင်းနှံဖို့ပါ။ ထိုအချိန်က မက်ဆီကိုမှာ BBQ နဲ့ ပတ်သတ်တဲ့ စားသောက်ဆိုင်က အများကြီးမရှိသေးပါဘူး။ ဒီအခွင့်အရေးက သူတို့ အောင်မြင်မှုအတွက် တံခါးပေါက်ပဲဆိုပြီး “Pinche Gringo” နာမည်နဲ့ စတင်ဖွင့်လှစ်ခဲ့ပါတယ်။ အဓိပ္ပါယ်ကို ဘာသာပြန်ရင်တော့ အဲ့ဒီအမေရိကန် ဆိုပြီး အဓိပ္ပါယ်ရပါတယ်။ ဘန်းစကားတစ်မျိုးလည်း ဖြစ်ပါတယ်။

ဆိုင်စဖွင့်တဲ့အစမှာတော့ ဒေသခံလူတွေကို နမူနာအနေနဲ့ လိုက်ကျွေးကြပါတယ်။ အရသာကလည်း ထူးခြားမနေတာကြောင့် လူတွေရဲ့ အားပေးမှုကို မရရှိခဲ့ပါဘူး။ ခွေးတွေကို ကျွေးခဲ့တာတောင် ခွေးတွေမစားခဲ့ဘူးလို့ Defossey က ပြောခဲ့ပါတယ်။ ဆိုင်စဖွင့်ခါစက ငွေကြေးအခက်အခဲဖြစ်တာကြောင့် Defossey က သူ့ရဲ့အဖေဆီမှာ ပိုက်ဆံလှမ်းတောင်းခဲ့ပါတယ်။ သူ့အဖေက ဘွဲ့ရပညာတတ်ပြီး company ကောင်းကောင်းမှာ အလုပ်လုပ်ရမယ့်အစား မက်ဆီကိုနိုင်ငံမှာ BBQ ဆိုင်ဖွင့်တာကို သဘောမကျတဲ့အတွက် ပိုက်ဆံလည်း မပို့ပေးခဲ့ပါဘူး။ တစ်နေ့မှာတော့ ဒေသခံမီဒီယာတစ်ခုက Pinche Gringo အကြောင်းကို ရုပ်သံမှာ ထုတ်လွှင့်ခဲ့ပါတယ်။ ထိုအချိန်ကစပြီး Pinche Gringo က ဖောက်သည်တွေ စတင်ရရှိခဲ့ပါတယ်။

Pinche Gringo စားသောက်ဆိုင်က အခြားမက်ဆီကိုစားသောက်ဆိုင်တွေလိုမျိုး မက်ဆီကို အစားအသောက်တွေမရှိပေမယ့် အမေရိကန်နဲ့ မက်ဆီကို အစားအသောက်တွေရောပြီး တီထွင်ထားတဲ့ menu တွေနဲ့ ဆန်းသစ်နေပါတယ်။ အခုဆိုရင် စားသောက်ဆိုင်ပေါင်း ခုနှစ်ဆိုင်ထိရှိခဲ့ပြီး sandwich ဆိုင်၊ ဘားဆိုင် နဲ့ BBQ ဆိုင်ခွဲတွေကိုလည်း ဖွင့်လှစ်နိုင်ခဲ့ပြီဖြစ်ပါတယ်။ ၂၀၂၂ ခုနှစ်မှာတော့ အမေရိကန်ဒေါ်လာ ၉မီလီယံထိ တစ်နှစ်စာဝင်ငွေ ရရှိခဲ့ပြီး ဝန်ထမ်းပေါင်း တစ်ရာကျော်ကိုလည်း အလုပ်ပေးထားနိုင်ခဲ့ပါတယ်။

အချုပ်ပြောရမယ်ဆိုရင်တော့ ကိုယ်ယုံကြည်မှုအတွက် မလျှော့သောဇွဲနဲ့ ကြိုးစားဖို့ပဲလိုပါတယ်။ ကြိုးစားတိုင်း မအောင်မြင်ပေမယ့် အောင်မြင်မယ့်အခွင့်အရေးကို နီးစပ်လာလေပါပဲ။ ကံတရားကတော့ ကြိုးစားတဲ့လူတွေအတွက် အခွင့်အရေးပေးစမြဲပါပဲ။

Exit mobile version