ဂျပန်လူမျိုးတွေပြောပြတဲ့ “Ikigai”

ကမ္ဘာပေါ်က အသက်ရှည်ဆုံးလူသားတွေရှိတဲ့ နိုင်ငံတွေထဲမှာ ဂျပန်နိုင်ငံပါဝင်တာ ငြင်းလို့မရတဲ့ အချက်တစ်ချက်ပါပဲ။ ပထမဦးဆုံး ဒီအကြောင်းအရာကို မဖတ်ရှုခင် ဂျပန်ဘာသာစကားဖြစ်တဲ့ “Ikigai” (အီဂီဂိုင်) အဓိပ္ပါယ်ကို ရှင်းပြပါရစေ။ “Ikigai” ဆိုတာက မြန်မာလိုဘာသာပြန်ရင်တော့ သင် အသက်ရှင်နေရတဲ့ ရည်ရွယ်ချက်လို့ အဓိပ္ပါယ်ရပါတယ်။ လူတစ်ယောက်က အသက်ရှင်နေရတဲ့ ရည်ရွယ်ချက်ရှိနေရင် မနက်ဖြန်တွေအတွက် ရှေ့ဆက်ဖို့ အမြဲအဆင်သင့်ဖြစ်နေပါတယ်။ ဂျပန်လူမျိုးတွေ ပြောပြတဲ့ “Ikigai” ကို ကမ္ဘာပေါ်က စာရေးဆရာတော်တော်များများ ရေးသားပြုစုကြပါတယ်။ ဒီအထဲမှာမှ “Ikigai” ကို ကျင့်ကြံဖို့ မဖြစ်မနေ လုပ်ရမယ့် အခြေခံ စည်းမျဉ်းဆယ်ချက်ကို တင်ပြလိုက်ရပါတယ်။

၁။ အနားမယူပါနဲ့၊ အမြဲတက်ကြွအောင်နေပါ

အလုပ်ကို အဆက်မပြတ်လုပ်ပြီး အနားမယူတာကို ပြောတာမဟုတ်ပါဘူး။ ဦးနှောက်ကို အမြဲအသုံးပြုနေပြီး ကိုယ်လက်လှုပ်ရှားမှု ရှိနေရမယ်ဆိုတဲ့ အဓိပ္ပါယ်ကို ပြောတာဖြစ်ပါတယ်။ ကျွန်တော်တို့ ဘေးပတ်ဝန်းကျင်မှာ တစ်ခါတစ်လေ အသက်ကြီးတဲ့ အဖိုးအဖွားတွေ တစ်ခုခုကို အမြဲလုပ်နေတတ်ကြတာကို တွေ့ပါလိမ့်မယ်။ သူတို့တွေက အရမ်းကျန်းမာပြီး သန်သန်မြန်မြန် ဖြစ်နေတုန်းပါ။ ဂျပန်နိုင်ငံမှာတော့ ဒီလိုအဖိုးအဖွားတွေကို တွေ့နိုင်ပါတယ်။ သူတို့တွေရဲ့ ပျမ်းမျှအသက်က ၈၀ နဲ့ ၉၀ကြားတွေ ရှိပါတယ်။

၂။ အရမ်းအလျင်မလိုပါနဲ့

အလုပ်လုပ်တဲ့အခါ လူငယ်တွေက မြန်မြန်ဆန်ဆန်လုပ်တတ်ကြပါတယ်။​ ဒါက​ သာမန်လုပ်ရိုးလုပ်စဉ်ဖြစ်ပေမယ့် တစ်ခါတစ်လေ အချိန်ပေးပြီး ကိုယ်လုပ်နေတဲ့အလုပ်တွေကို ဒီထက်ပိုကောင်းအောင် ဘယ်လိုလုပ်ရမလဲဆိုတာ စဉ်းစားပြီး အချိန်ပေးကြည့်ပါ။ သင့်အတွက် အဓိပ္ပါယ်တွေ အများကြီး ပိုရှိလာပါလိမ့်မယ်။

၃။ ဗိုက်ကို ခဏခဏ မဖြည့်ပါနဲ့

တစ်ခါတစ်လေ ဗိုက်ဆာလို့ မုန့်ပဲသရေစာ စားတတ်ကြပါတယ်။ နေ့ခင်းနေ့လည်စာ စားပြီးတဲ့အခါတိုင်းမှာလည်း အချိုပွဲလေး စားတတ်ကြပါတယ်။ ဂျပန်လူမျိုးတွေက စားရမယ့် အစားအသောက်ကို အနေတော်သာ စားကြပါတယ်။ ခဏခဏ မုန့်ပဲသရေစာတွေလည်း မစားသောက်ပါဘူး။ ကျန်းမာရေးနဲ့ မျှတအောင် စားကြပါတယ်။

၄။ သူငယ်ချင်းကောင်းတွေနဲ့ပဲ ပေါင်းသင်းပါ

သူငယ်ချင်းကောင်းတွေနဲ့ အတူတူရှိနေခြင်းက​ သင့်ရဲ့စိတ်ပျော်ရွှင်ကျန်းမာဖို့အတွက် အဓိကကျတဲ့ အချက်တွေထဲက တစ်ခုပါပဲ။ ဒါကြောင့် အဆိပ်အတောက်ဖြစ်စေမယ့် သူငယ်ချင်းတွေကို ရှောင်ကြဉ်ဖို့လည်း လိုအပ်ပါတယ်။

၅။ လာမယ့်မွေးနေ့အတွက် ခန္ဓာကိုယ်ကြည့်ကောင်းအောင် ပြင်ဆင်ထားပါ

ကိုယ်လက်လှုပ်ရှားမှုအတွက် လူတစ်ယောက်က အချိန်ပေးရမှာ ဖြစ်ပါတယ်။ အပြင်းအထန် ကိုယ်လက်လှုပ်ရှားမှု အားကစားမလုပ်ရင်တောင် ပြေးတာမျိုး၊ စက်ဘီးနင်းတာမျိုးတွေ လုပ်သင့်ပါတယ်။ သင် ဒီနှစ်အတွက် မလုပ်ဖြစ်ရင်တောင် နောင်တစ်နှစ်ကြီးလာမယ့် သင့်မွေးနေ့အတွက် အခုတည်းက စတင် လေ့ကျင့်ပါ။

၆။ ပြုံးပါ

ပြုံးဖို့အတွက် သင်ဘယ်တော့မှ မမေ့ပါနဲ့။ ဘ၀ရဲ့ ရှင်သန်ခြင်း အဓိပ္ပါယ်တွေထဲမှာ ပြုံးတဲ့အရာလည်း ပါဝင်ပါတယ်။ သင်လူတွေကို ပြုံးပြရင် သင့်ကို လူတွေကလည်း အပြုံးပန်းနဲ့ ပြန်လည်ကြိုဆိုပါလိမ့်မယ်။

၇။ သဘာ၀တရားတွေနဲ့ ထိတွေ့ပါ

မြို့ထဲမှာ အနေများတဲ့လူတွေအဖို့ မြို့ပြင်ထွက်ပြီး ပျော်ပွဲစားထွက်တာမျိုးဖြစ်ဖြစ် ခရီးထွက်တာမျိုးဖြစ်ဖြစ် လုပ်ပါ။ လေကောင်းလေသန့်ကို တစ်၀ကြီး ရှုရှိုက်ပါ။ မှတ်ဉာဏ်စွမ်းဆောင်ရည်နဲ့ သင့်ရဲ့ စိတ်ကို ကြည်လင်စေပါတယ်။ လတ်လတ်ဆတ်ဆတ် အတွေးအခေါ်ကောင်းတွေ သင် ရရှိလာနိုင်ပါတယ်။

၈။ ကျေးဇူးတင်ပါ

သင် ချစ်ရတဲ့ မိသားစု၊ သူငယ်ချင်းတွေကို သင် သူတို့ကိုပိုင်ဆိုင်ထားရခြင်းကြောင့် သင်ဘယ်လောက် ကျေးဇူးတင်ရလဲဆိုတာ ပြသပေးပါ။ ဒါက သင့်ကိုယ်သင် လေးစားမှုရှိတယ်ဆိုတာလည်း ပြသရာရောက်ပါတယ်။

၉။ နေထိုင်လိုက်ပါ

အနာဂတ်ကို တွေးကြောက်နေတဲ့အရာတွေ၊ အတိတ်ကို နောင်တရနေတဲ့အရာတွေကို မေ့လိုက်ပြီး လက်ရှိဘ၀ကို နေထိုင်လိုက်ပါ။ ဒီနေ့က သင့်အတွက်အကောင်းဆုံးနေ့လို့ မှတ်ယူပြီး ပျော်ပျော်ရွှင်ရွှင် နေထိုင်လိုက်ပါ။

၁၀။ သင့်ရဲ့ Ikigai အနောက်ကို လိုက်ပါ

သင်ဘ၀မှာ အသက်ရှင်နေရတဲ့ အကြောင်းပြချက်ကို မတွေ့ရှိသေးရင် သင်တွေ့အောင်ရှာပါ။ သင် ဘာလုပ်ရတာ ကြိုက်နှစ်သက်လဲဆိုတာ သင်တွေ့ရှိတဲ့အခါ သင့်ရဲ့ Ikigai က အဓိပ္ပါယ်ပိုရှိလာပါလိမ့်မယ်။

Exit mobile version