AI ကို coding အတွက်သုံးတာက အခုနောက်ပိုင်း အရမ်းခေတ်စားလာတာနဲ့အမျှ၊ OpenAI ကလည်း ဒီနယ်ပယ်မှာ သူ့ရဲ့နေရာကို ပိုပြီးချဲ့ထွင်လာပါပြီ။ အခုဆိုရင် သူ့ရဲ့ AI coding tool ဖြစ်တဲ့ Codex အတွက် Chrome extension အသစ်တစ်ခုကို တရားဝင်မိတ်ဆက်လိုက်ပါတယ်။
ဒီ extension အသစ်က web app တွေကို စမ်းသပ်တာ၊ browser မှာဖွင့်ထားတဲ့ tab တွေကနေ အချက်အလက်တွေယူတာ၊ Chrome DevTools ကိုသုံးတာတွေကို လုပ်ဆောင်ပေးနိုင်မှာပါ။ အရေးကြီးဆုံးကတော့ ဒါက Codex ကို hardcore developer တွေအတွက်ပဲ မဟုတ်တော့ဘဲ၊ သာမန်သုံးစွဲသူတွေနဲ့ တခြားလုပ်ငန်းခွင်ကလူတွေအတွက်ပါ အသုံးဝင်လာစေမှာ ဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ရဲ့ အလုပ်တော်တော်များများက browser ထဲမှာပဲ လုပ်နေကြတာမို့လို့ပါပဲ။

တကယ်တော့ ဒီခြေလှမ်းက OpenAI ရဲ့ ပိုကြီးမားတဲ့ plan တစ်ခုရဲ့ အစိတ်အပိုင်းတစ်ခုပါပဲ။ Codex ကို အရင်က macOS app အဖြစ်ပဲ ထုတ်ခဲ့ပေမယ့်၊ အခု Chrome extension အဖြစ်ထုတ်လိုက်တာက Windows သုံးတဲ့သူတွေဆီကိုပါ ရောက်ရှိသွားအောင် လုပ်လိုက်တာပါ။ OpenAI ရဲ့ အဆုံးစွန်ရည်မှန်းချက်က Codex, ChatGPT နဲ့ သူတို့ရဲ့ ကိုယ်ပိုင် browser Atlas တို့ကိုပေါင်းပြီး ‘super-app’ တစ်ခုဖန်တီးဖို့ပါ။ အခု ဒီ extension က အဲ့ဒီအနာဂတ်အတွက် အရေးကြီးတဲ့ အုတ်မြစ်တစ်ခုကို ချလိုက်တာပဲ ဖြစ်ပါတယ်။ သူတို့က သုံးစွဲသူတွေကို browser ပေါ်မှာ သူတို့ရဲ့ AI tool တွေသုံးတာကို အကျင့်ဖြစ်သွားအောင် လုပ်ပြီး၊ အနာဂတ်မှာ သူတို့ရဲ့ Atlas browser ကို ပြောင်းသုံးလာအောင် လမ်းခင်းနေတာလို့ပဲ သုံးသပ်ရမှာပါ။