ChatGPT ရဲ့ ပြိုင်ဘက်လို့ ပြောနေတဲ့ Google ရဲ့ Gemini ဆိုတာ ဘာလဲ?

Gemini ကို ပြီးခဲ့တဲ့ မေလတုန်းက ကျင်းပခဲ့တဲ့ Google I/O ပွဲမှာ CEO Sundar Pichai က စတင်မိတ်ဆက်ပေးခဲ့တာ ဖြစ်ပြီး ၎င်းဟာ ChatGPT ကို ယှဥ်နိုင်မယ့် Google ရဲ့ အနာဂတ် AI ဖြစ်တယ်လို့ သိရပါတယ်။

Gemini ကို Google ရဲ့ DeepMind ဌာနခွဲ (Brain Team + DeepMind) က တည်ဆောက်နေကြောင်းနဲ့ ChatGPT-3 မှာ သုံးထားတဲ့ Parameters ပေါင်း ၁၇၄ ဘီလီယံကျော်ထပ် ပိုများတဲ့ Parameters များဖြင့် တည်ဆောက်နေကြောင်း သိရပါတယ်။ DeepMind CEO Demis Hassabis ကတော့ Gemini ကို “series of models” လို့ တင်စားထားပြီး ၎င်းဟာ အကျိုးအကြောင်း ဆင်ခြင်နိုင်ခြင်းနဲ့ ပြဿနာဖြေရှင်းနိုင်ခြင်းတို့အပြင် မတူကွဲပြားတဲ့ စွမ်းရည်များစွာပါဝင်ကြောင်း ပြောပြထားပါတယ်။

အခုစက်တင်ဘာလထဲမှာပဲ Gemini ဟာ အတိုင်းအတာများနဲ့ ဆန်းသစ်တီထွင်မှုများကို ပေါင်းစပ်ဖို့ ရည်ရွယ်ထားကြောင်းနဲ့ မှတ်ဥာဏ်နဲ့ အစီအစဥ်ချခြင်းတို့ဟာ အစောပိုင်းအဆင့်မှာ ပါဝင်တယ်လို့ Hassabis က ထပ်လောင်းပြောဆိုထာကြောင်း သိရပါတယ်။ Google ရဲ့ CEO Picha ကလည်း Gemini ဟာ “Universal Personal Assistants” ဖြစ်တာကြောင့် လူတိုင်းရဲ့ နေ့စဥ်ဘဝအတွက် များစွာအထောက်အကူပြုစေနိုင်မယ့် အဆင့်မြင့် Chatbot တစ်ခုဖြစ်ကြောင်း ပြောဆိုထားပါသေးတယ်။

Gemini ကို အဆင့်မြင့် Chatbot လို့ ပြောဆိုထားတာနဲ့အညီ မေးလိုတဲ့ မေးခွန်းတွေကို မေးမြန်နိုင်ယုံမကပဲ ပုံဆွဲခိုင်းခြင်းကဲ့သို့ အခြားပြုလုပ်နိုင်မယ့် စွမ်းရည်များလည်း ပါဝင်မှာဖြစ်ကြောင်း သိရပါတယ်။ ကောလဟာလသတင်းများအရ Gemini ဟာ ChatGPT-4 ထက်ပိုပြီး စွမ်းဆောင်ရည်မြင့်မားကြောင်းလည်း သိရပါတယ်။ လက်ရှိမှာတော့ Gemini ရဲ့ အကြောင်းကို အသေးစိတ် မသိရသေးပေမယ့် မကြာမီမှာတော့ Beta Version အနေနဲ့ စတင်ထွက်ရှိလာတော့မှာ ဖြစ်ပါတယ်။

Hassabis ရဲ့ ပြောကြားချက်အရ Gemini ကို Google Search မှာ ထည့်သွင်းပေးမှာ ဖြစ်တာကြောင့် Google Search ရဲ့ တိကျစွာ ရှာဖွေပေးနိုင်မှုကို အဆင့်မြှင့်တင်ပေးနိုင်မှာ ဖြစ်သလို၊ အန္တရာယ်ရှိတဲ့ အကြောင်းအရာများကိုလည်း လျော့ချပေးနိုင်မယ်လို့ သိရပါတယ်။ လက်ရှိမှာလည်း Gemini ဟာ ChatGPT ကို အလဲထိုးနိုင်မယ့် ပြိုင်ဘက်တစ်ခုဖြစ်တယ်လို့ နာမည်ကြီးနေတာကြောင့် ဘယ်လောက်ထိ စွမ်းဆောင်နိုင်မလဲဆိုတာ Beta Version ထွက်လာတဲ့အခါ မြင်တွေ့ရတော့မှာပဲ ဖြစ်ပါတယ်။

Exit mobile version